International News

(၁၉) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှပါဝင်ပြသမည်

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ကျင်းပပြုလုပ်မြဲဖြစ်သည့် တရုတ်-အာဆီယံကုန်စည်ပြပွဲ (China-ASEAN Expo)အား ၂၀၀၄ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံမှ ပါဝင်ပြသခဲ့ရာ ယခုနှစ်တွင်ကျင်းပမည့် ကုန်စည်ပြပွဲသည် မြန်မာနိုင်ငံမှ (၁၉)ကြိမ်မြောက် ပါဝင်ပြသခြင်းဖြစ်ပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၁၉) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ (The 19th China-ASEAN Expo) နှင့်စပ်လျဉ်း၍ ကြိုတင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်(တနင်္လာနေ့)၊ နံနက် (၁၀:၃၀) နာရီ တွင် Zoom Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ တာဝန်ရှိသူများနှင့် ပြပွဲသို့ ပါဝင်ပြသမည့် မြန်မာကုမ္ပဏီလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။

ယခင်နှစ်များ၌ မြန်မာနိုင်ငံမှ မြန်မာကုမ္ပဏီလုပ်ငန်းရှင်များအနေဖြင့် ကိုယ်တိုင်သွားရောက် ပါဝင်ပြသခဲ့ကြသော်လည်း ၂၀၂၀ ပြည့်နှစ်၊ (၁၇)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲမှ စတင်၍ ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်မှု ကန့်သတ်ချက်များကြောင့် မြန်မာလုပ်ငန်းရှင်များသည် လူကိုယ်တိုင်သွားရောက်ပါဝင်ပြသမှုမရှိကြသဖြင့် မိမိတို့၏ပြသမည့် မြန်မာနိုင်ငံမှ မြန်မာ့ ထွက်ကုန်ပစ္စည်းများပေးပို့ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ လုပ်ငန်းမိတ်ဖက်ကိုယ်စားလှယ်များမှ ပြသကြမည်ဖြစ်ပါသည်။ အဆိုပါပြပွဲတွင် မြန်မာနိုင်ငံမှ မြန်မာ့ထွက်ကုန်ပစ္စည်းများကို ပြခန်းပေါင်း(၃၀)ခန်း ပါဝင်ပြသမည်ဖြစ်ပါသည်။

ကုန်စည်ပြခန်းများအပြင် တရုတ်-အာဆီယံကုန်စည်ပြပွဲကာလအတွင်း National Image ပြခန်းဆောင်ကို (၅၄)စတုရန်းမီတာ အကျယ်အဝန်းရှိသည့်နေရာ၌ မြန်မာနိုင်ငံဒေသအရပ်ရပ်မှ ထင်ရှားသောမြို့များ၏ ရှုခင်းများ၊ မြန်မာရိုးရာပွဲတော်များ၊ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍကြီးများအား လှပသောဓာတ်ပုံများဖြင့် ဝေဝေဆာဆာ ထည့်သွင်းပြသမည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။

ခင်မောင်ဦး(ကုန်သွယ်မြှင့်)

Category: International News